Thursday, November 17, 2016

မတ်ဗုဒ္ဓခေတ် အဓိကရ နေရာဒေသ နှင့် ကျောင်းတိုက်များ

မြတ်ဗုဒ္ဓခေတ် အဓိကရ နေရာဒေသ နှင့် ကျောင်းတိုက်များ
------------------------------------------------------------
မြတ်စွာဘုရား သက်တော်ထင်ရှား သာသနာ တော်အတွက်
ဆောင်ရွက်တော်မူစဉ်၊ ဖွားမြင်တော်မူ သည်မှ ပရိနိဗ္ဗာန် စံယူတော်မူသည်အထိ သီတင်းသုံးတော်မူရာ ဒေသစာရီ ကြွချီတော်မူရာ
နေရာဒေသနှင့် ကျောင်းတိုက်များတွင် အဓိကရ ကျော်ကြားခဲ့သည်များကို
အောက်ပါအတိုင်း တွေ့ရှိရပါသည်။

၁။ကကုဓာမြစ်
ပါဝါပြည်နှင့်ကုသိနာရုံ အကြား၌ ရှိသောမြစ် ဖြစ်သည်။ ညဥ့်၏နောက်ဆုံးယာမ်၌ ကုသိနာရုံ ပြည်ဝင်ခါ နီ လမ်းကွေ့ရှိ မလ္လာမင်းတို့၏ အင်ကြင်း တော၌ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မမူမီ ရဟန်း အပေါင်း ခြံရံ လျက် ရေသောက်တော်မူပြီး သပ္ပာယ်တော်မူရာမြစ် ဖြစ်သည်။

၂။ ကပိလဝတ်
          သိဒ္ဓတ္ထမင်းသား၏ ဖခမည်းတော်သုဒ္ဓေါဒန မင်းကြီး၏
ပြည်နိုင်ငံဖြစ်သည်။ နောင်တွင် နိဂြောဓရုံ ကျောင်းတိုက်
ဆောက်လုပ်လှူဒါန်း သဖြင့် ဗုဒ္ဓဘုရားရှင်သည်(ပန္နရသမဝါ) ၁၅ ကြိမ်မြောက် ဝါဆိုဝါကပ်တော်မူပါသည်။

၃။ ကုသိနာရုံပြည်
          ဟိရညဝတီမြစ်၏ တဘက်ကမ်း၌ ရှိသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရာဒေသအဖြစ် ထင်ရှားသည်။ ကုသိနာရုံပြည်အဝင် လမ်းအကွေ့ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ် ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသည်။ ဤအရပ်တွင် ပရိနိဗ္ဗာန်စံ ခြင်းမှာ-
        ၁။ မဟာသုဒဿနသုတ္တန်ကြီးကိုဟောတော် မူရန်၊
        ၂။ သုဘဒ္ဒပရဗိုဇ်အား ရဟန္တာဖြစ်စေရန်၊
        ၃။  ဒေါဏ ပုဏ္ဏားကြီး ဓာတ်တော်များကို ငြိမ်းချမ်းစွာဝေငှနိုင်ရန် စသည်ဖြင့် ကြိုတင် သိမြင်တော်မူ  သောကြောင့် ဤအရပ်သို့ကြွ၍ ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

၎။ ကောသမ္ဗီပြည်
       ဥဒေနမင်းကြီး အုပ်ချုပ်သည်။ ဃောသက၊ ကက္ကုဋ၊ ပါဝါရိကဟူ၍ အလွန်ကြွယ်ဝချမ်းသာသည့် သူဌေး ကြီး သုံးဦးရှိသည်။ ယင်းသူဌေးကြီး သုံးဦး ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတိုက် ကြီး သုံးတိုက်အနက်
ဃောသိတာရုံ ကျောင်းတိုက်၌ ဘုရားရှင်သည် နဝမဝါကို ဝါဆိုဝါကပ်တော်
မူသည်။ ဝိနည်းဓိုရ်မထေရ်နှင့် သုတ္တန်ဆောင် မထေရ်တို့မှ စသောသံဃာ အဓိကရုဏ်းကြီးကြောင့် ဘုရားရှင် ဖယ်ခွာသွားတော်မူသည်။

၅။ ဂိဇ္ဈကုဋ်တောင်
        အာဋာနာဋိယသုတ် ဟောကြားတော်မူရာ ရာဇဂြိုဟ်ပြည်အနီးမှ
တောင်ဖြစ်သည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မမူမီ ၄၄ ဝါမြောက် သာဝတ္ထိပြည် ၌ ဝါကျွတ်ပြီးနောက်ဆုံး စံနေတော်မူရာ နေရာဖြစ် သည်။ ဝဿကာရ   ပုဏ္ဏားအား အပရိဟာနိယတရား ဟောကြားတော်မူသည်။

၆။ ဇေတဝန်
       သုဒတ္တ(အနာထပိဏ်)သူဌေးကြီး လှူဒါန်းသောကျောင်းတိုက်ကြီး
ဖြစ်သည်။ သာဝတ္ထိပြည်ရှိသည်။ ဇေတမင်းသား၏ (၁၆)ပယ်ကျယ်သော ဥယျာဉ်ကို အသပြာ တစပ်တည်းခင်း၍ (၁၂ ကုဋေ) ဖြင့်ဝယ်ယူပြီး
လက်သမား တထောင်တို့ဖြင့် ဆောက်လုပ်ရာ ကိုးလကြာမှပြီးစီး၍ စုစုပေါင်း (၅၄ ကုဋေ) ကုန်ကျ သည်။  ဇေတဝန်ကျောင်းတော်၏ ကြီးကျယ် ပုံမှာ--
    -ဇေတမင်းသား ထည့်ဝင် လှူဒါန်းသော ဘုံ(၇) ဆင့်ရှိ ကျောင်းတိုက် မုခ်ဦးပြာသာဒ်ကြီး၊
    -ဂန္ဓကုဋိကျောင်းတော်နှင့် အရန်ကျောင်း ကြီးများ၊
    -ဓမ္မသာလာနှင့်တန်ဆောင်းဝန်ကြီးများ၊
    -မီးတင်းကုပ်များ၊ ကပ္ပိယကုဋိကျောင်း၊ ဝစ္စကုဋိကျောင်းများ၊
    -အမိုးနှင့်တကွသော မြေစင်္ကြံများ၊
    -အမိုးနှင့်တကွသော ရေတွင်းများ၊ ရေချိုးခန်များ၊
    -လေးထောင့်ရေကန်များ၊ မဏ္ဍပ်များ၊
    -ညဥ့်သန့်ရာအဆောက်အဦးများ၊ စသဖြင့် ပြည့်စုံစွာရှိသည်။

၇။ ဒေဝဒဟပြည်
သာကီဝင်မင်းတို့၏ မင်္ဂလာ ကန်တော်ရှိရာ အရပ်ဟု ဆိုသည်၊ သိဒ္ဓတ္ထ၏ မယ်တော် မာယာဒေဝီ၏ ပြည်ဖြစ်သည်။ ယသောဓရာ ဒေဝီနှင့်မောင်တော်
ဒေဝဒတ်တို့၏ ဇာတိဖြစ်သည်။ ကပိလဝတ်မှ ၅ ယူဇနာ ဝေးကွာသည်။

၈။ နေရဉ္ဇရာမြစ်
      မြစ်ပြင်အောက်၌ ကာဠနဂါး၏ဗိမာန်ရှိသည်။ သုဇာတာ ကပ်လှူသည့် ရွှေခွက်နှင့် ဃနာနို့ဆွမ်း ကို ဘုရားအလောင်းတော် ခံယူတော်မူပြီး ရွှေခွက်ကိုအဓိဋ္ဌာန်ဖြင့် မျှောသောမြစ်ဖြစ်သည်။

၉။ ပါဝါပြည်
       မြတ်စွာဘုရား ပရိနိဗ္ဗာန်စံရာ ကုသိနာရုံပြည် နှင့် သုံးဂါဝုတ်မျှဝေးကွာသည်။ မလ္လာမင်းတို့၏နေပြည်တော်ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ နောက်ဆုံး ဆွမ်းဖြစ်သော သုကရမဒ္ဒဝဆွမ်းကို ကပ်လှူသည့် စုန္ဒလုလင်သည် ပါဝါပြည်မှဖြစ်သည်။

၁၀။ ပုဗ္ဗာရုံကျောင်း
       သာဝတ္ထိပြည်မြို့ အရှေ့တံခါးအနီး၌ မြေနေရာကို ကိုးကုဋေဖြင့်ဝယ်၍ ရှစ်ပေသော မြေနေရာ အပြည့်၌ ကျောင်းပေါင်း များစွာနှင့်တကွ ကြီးကျယ်လှသည့်ပြာသာဒ်ကျောင်းတော်ကြီးကို (၉) လ နှင့် အပြီး ဆောက် သည်။ ဝိသာခါကျောင်းအမ ကြီး၏ ကုသိုလ်တော်ဖြစ်သည်။

၁၁။ ရာဇဂြိုဟ် (မဂဓတိုင်း)
        အနောမာမြစ်ကမ်း၊ အနုပီယ သရက်တောမှ ယူဇနာ (၃၀) ဝေးကွာသည်။ မဂဓတိုင်းပြည့်ရှင် ဗိမ္ဗိသာရမင်းကြီး စိုးစံသည်။ နောင် အဇတသတ် မင်းပြုသည်။ မြတ်စွာဘုရားသည် ၄၅ ဝါလုံး အများဆုံးဝင်ထွက်ကြွရောက်နေထိုင် သီတင်းသုံး ရာပြည်ဖြစ်သည်။ ဘုရားရှင် ဝါ (၅) ဝါ သီတင်းသုံး ဝါဆို တော်မူသည်။

၁၂။ ရောဟဏီမြစ်
        ကပိလဝတ်သာကီဝင်မင်းသားများနှင့် ကောလိယသာကီဝင်များအကြား နယုန်လ၌ မြစ်ရေနည်းပါးမှုကြောင့်ရေလုစစ်ပွဲကြီးဖြစ်ပွားရာ
မြတ်စွာဘုရားကြွရောက်ပြီး “အတ္တဒဏ္ဍ”သုတ်ကိုဟောကြားတော်မူ၍
ပြေငြိမ်း လေသည်။

၁၃။ ဝေသာလီပြည် (ဝဇ္ဇီတိုင်း)
         လိစ္ဆဝီမင်း ခုနစ်ထောင်သည် အလှည့်ကျ အုပ်ချုပ်သည်၊ ကပ်ကြီးသုံးပါးဆိုက်၍ မြတ်စွာဘုရား ကြွရောက်ပြီး “ရတနသုတ်
ပရိတော်ကြီး” ကို ဟောပြရွက်ဖတ်ပေးတော်မူမှ ကပ်ကြီးသုံးပါး
ကျော်လွှားကင်းပျောက်သည်။ ကပိလဝတ်ပြည်မှ ၅၁ ယူဇနာ
ဝေးသည်။ နောင်တွင် အဇာတသတ်မင်း စစ်ခင်းမှုကြောင့်ပျက်စီးရသည်။

၁၄။ ဝေဠုဝန်ကျောင်း
          မဂဓတိုင်း ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်း ကြီးက မြတ်ဗုဒ္ဓအား လှူဒါန်းသည့် ကျောင်းတိုက် ဖြစ်သည်။ အဦးဆုံးအလှူခံသည့် ကျောင်းတိုက် ကြီးဖြစ်သည်။ ဝေဠုဝန်ဥယျာဉ်တော်ကို မင်း၏ နန်းတော် အာရာမ်နှင့်တကွ လှူခြင်းဖြစ်သည်။ ဘုရားရှင်၏ (၄၅) ဝါအတွင်း ငါးဝါတိတိဝါဆိုဝါကပ်
တော်မူရာ ကျောင်းတိုက်ကြီး ဖြစ်သည်။ ဝါပများတွင် ဘုရားရှင် မကြာခဏ ကြွရောက် သီတင်းသုံးရာ ကျောင်းတိုက် ကြီးဖြစ်သည်။

၁၅။ သာဝတ္ထိပြည် (ကောသလတိုင်း)
           အနာထပိဏ် သူဌေးကြီးကြောင့် ထင်ရှား သည်။ ရာဇဂြိုဟ်နှင့်၄၅ ယူဇနာဝေးသည်၊ မြတ်စွာဘုရား အား အနာထပိဏ်သူဌေးကြီးက
ဇေတဝန်ကျောင်းတော်ကြီး လှူဒါန်းသဖြင့် ဘုရားရှင် ပစ္ဆိမဗောဓိတွင် ဝါ အတော်များများ ဝါဆိုဝါကပ်ပြုရာ ဒေသဖြစ်သည်။ ပုရာဏကဿပကြီးကို တန်ခိုး ပြာဋိဟာများဖြင့် ဗုဒ္ဓဘုရား ရှင် တရားပြခဲ့သည်။

၁၆။ သင်္ကဿနဂိုရ်ပြည်
         သာဝတ္ထိပြည်မှ သင်္ကဿနဂိုရ်ပြည်တော် တံခါးထိ ယူဇနာ ၃၀ ဝေးကွာသည်။ မြတ်စွာဘုရားသည် သတ္တမဝါကို တာဝတိံသာ၌ ဝါဆိုကပ်တော် မူပြီး သီတင်းကျွတ်လပြည့်နေ့တွင် သင်္ကဿနဂိုရ် ပြည်သို့ သက် ဆင်းတော်မူသည်။ သင်္ကဿနဂိုရ် ပြည် တောင်တံခါးဝ၌ အခြားဘုရားရှင်တကာ ကဲ့သို့ခြေတော်ရာ ချထား တော်မူသည်။ ဤခြေရာ တော်မှာ ဘုရားရှင်တို့ မစွန့်အပ်သော အဝိဇဟိတ ဌာန တခုဖြစ်သည်။

၁၇။ အနောမာမြစ်
         ရှစ်ဥသဘ ကျယ်သည်။ သိဒ္ဓတ္ထမင်းသား သည် နေပြည်တော် ကပိလဝတ်မှ သာကိယ၊ ကောလိယ၊ မလ္လဟူသော သုံးပြည်ထောင် ယူဇနာ သုံးဆယ်ခရီးကိုကျော်၍၊ ရောက်ပြီး ဤမြစ် တဘက် ကမ်းသို့ ကဏ္ဍက မြင်းနှင့် အတူ ခုန်ကျော်၍ တော ထွက်ကာ ရဟန်းပြုတော်မူသည်။

၁၈။ အပရာဇိတရနာပလ္လင်
           သက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ ညနေခင်းအချိန် ဘုရားအလောင်းတော်သည် မြက်ထမ်းသမားလှူသော မြက်ရှစ်ဆုပ်ကို အဖျား က ကိုင်၍ မဟာဗောဓိပင်၏ အရှေ့ဘက်မှ ကပ်၍ ကြဲဖြန့် လေလျှင် ၁၄ တောင် ပမာဏရှိသော ဤပလ္လင်ဖြစ်လာသည်။

၁၉။ ဣသိပတနမည်သော မိဂဒါဝုန်
          ဗာရာဏသီပြည် အနီး၌ ရှိ၍ ဥရုဝေလမှ ၁၈ ယူဇနာဝေးကွာသည်။ ဗုဒ္ဓဘုရားရှင်သည် ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦး ဟောရာ ဒေသ ဖြစ်သည်။

၂၀။ ဥရုဝေလ (ဂယာမြို့အနီး)
           သေနာနိဂုံးရွာအနီး၌ ရှိသည်။နေရဉ္ဇရာမြစ် အနီးဖြစ်သည်။ ပဉ္စဝဂ္ဂီငါးဦးနေထိုင်သည်၊ ဘုရားရှင် ဒုက္ကရစရိယာ (၆) နှစ်ကြာ ကျင့်ရာတောဖြစ်သည်။ ဘုရားအဖြစ်သို့ရောက်တော်မူရာဌာနဖြစ်ပြီး မဟာဗောဓိပင်ရှိသည်။ ဤဌာနသည် ဗုဒ္ဓဘုရားရှင် အဖြစ်သို့ရောက်ရာ ဌာနဒေသဖြစ်၍ လွန်စွာအရေး ကြီးပါသည်။ ဗုဒ္ဓဂယာဟု ထင်ရှားကျော်ကြားသည်။

ပယ်   ။     ။ မြေနေရာအကျယ်အဝန်းကို တိုင်းတာသော အကွာအဝေးရဲ့ အခေါ်အဝေါ်ဖြစ်သည်။ ၄ပြည် ၁ စိတ်၊  ၁၁ စိတ် ၁အမ္ဗဏရှိသည်။
ဤတွင် ၄ အမ္ဗဏမျိုးစပါးကို    ကြဲနိုင်လောက်သည့် မြေနေရာ
အကျယ်အဝန်းကို “တပယ်” ဟုခေါ်သည် ။

ဂါဝုတ်  ။     ။ (ဂါဝုတ်)ဥသဘ(၈၀ ကို တဂါဝုတ်ဟု ခေါ်သည်။ ၇တောင်ကို
၁ တာ၊ ၂၀ တာကို ၁ ဥသဘ၊ ၈၀ ဥသဘကို  ၁ ဂါဝုတ်ဟု ခေါ်သည်။

ယူဇနာ ။      ။ ၄ ဂါဝုတ်ကို တယူဇနာဟု ခေါ်သည်။ အင်္ဂလိပ်မိုင်နှုန်းဖြင့် တွက်လျှင် ၁ယူဇနာတွင် ၁၂မိုင် ၅ ဖာလုံ ၅၄၀ ပေရှိသည်။

No comments:

Post a Comment