Thursday, November 17, 2016

သတ္တဋ္ဌာန

မဟာဗောဓိစေတီတော် (မဂဓတိုင်း)
ဗောဓိမဏ္ဍေဇမ္ဗုဒိပဿမဇ္စျေနာဘိဋ္ဌာနိယေ ဟူသော သုတ် မဟာဝါဋီကာ၏ ဖွင့်ဆိုချက် မဇ္ဈိမဒေသ၏ ဗဟိုမဏ္ဍိုင် အချက်အချာ ဖြစ်သော ဤဗုဒ္ဓဂယာသည် မြတ်စွာဘုရား
အဆူဆူတို့၏ မာန်ငါးပါးကို အောင်မြင်တော်မူ၍ ဥာဏ်သုံးပါးကို ရရှိတော်မူသည့်နေရာ
ဖြစ်ပြီး သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရှိတော်မူရန်အတွက် အမြတ်မဟာ အောင်မြင်
နေရာ လည်းဖြစ်ပေသည်။
သဗ္ဗညုတ ရွှေဉာဏ်တော်၏ ကြည်လင်ထိန်ဝင်း ပွင့်လင်း ရာဌာနဖြစ်ခြင်းကြောင့်
(ဗောဓိမဏ္ဍိုင်) ဟူ၍လည်း ခေါ်ဆိုရာဌာနဖြစ်ပါသည်။
ဤနေရာသည် သံဝေဂယူဖွယ်ရာ သီဝေဇနိယလေးဌာနတို့တွင် တစ်ခုအပါအ၀င်ဖြစ်ပြီး
ဘုရားရှင်တို့၏ မစွန့်အပ်သော အ၀ိဇိတလေးဌာနတို့တွင်လည်း တစ်ခုအပါအ၀င်ဖြစ်
သောကြောင့် အခါခပ်သိမ်း အောက်မေ့အပ်ရာ ထူးမြတ်သော နေရာဌာနကြီးလည်း
ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဤဗုဒ္ဓဂယာ၌ ကြွင်းမဲ့ဥဿုံ အလုံးစုံသော ကိလေသာတို့ကို ၀ါသနာ
အငွေ့အထုံနှင့်တကွ အမြစ်မကျန်အောင် သုတ်သင်ရှင်းလင်းတော်မူခဲ့သောကြောင့်
ကိလေသပရိနိဗ္ဗာန်စံဝင်တော်မူရာနေရာလည်းဖြစ်သည်။ ၄င်းအပြင် သာသနာကွယ်
မည့် နောက်ဆုံးအချိန်တွင် သဗ္ဗညုတဘုရားရှင်၏ ကမ္ဘာ့နေရာအရပ်ရပ်၌ ပျံ့နှံ့၍တည်
ရှိသော သာရီရိကဓာတ်တော်များ အားလုံးကြွရောက်တော်မူလာပြီး ရွှေဆိုင်ရွှေတုံးကဲ့
သို့ နိမ္မိတရုပ်ပွားတော်ကြီး တစ်ခဲနက်ဖြစ်တည်လျက် ရောင်ခြည်တော်ခြောက်သွယ်တို့
ကို ကွန့်ဖြူးစေပြီးလျှင် လူနတ်ဗြဟ္မာသတ္တ၀ါတို့အား နောက်ဆုံးတရားဟောပြီး တတိယဓာတု ပရိနိဗ္ဗာန် စံတော်မူရာ အရပ်ဌာနကြီးလည်း ဖြစ်လိမ့်ဦးမည်။ ဘုရား
အဆူဆူတို့၏ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ ဤဗုဒ္ဓဂယာဌာနကို သုတ်မဟာဝါအဋ္ဌ
ကထာ မဟာပဒါနသုတ်၌  မဟာဗောဓိ ပလက္ခင်္ကော ၀ိနဿ မာနေလောကေ ပစ္ဆာဝိနဿတိသဏ္ဍဟမာနေပဋ္ဌမံ သဏ္ဍဟတိ ဟူ၍ လာရှိသောကြောင့် ဗောဓိပင်နှင့်
ပလ္လင်တော် ပေါက်ရောက်ရာဌာန ဗုဒ္ဓဂယာနေရာကား ကမ္ဘာကြီးပျက်စီးလျှင် နောက်ဆုံးပျက်၍ ကမ္ဘာကြီးအစဦးတည်လျှင်လည်း ရှေးဦးစွာတည်ရှိလာသည့် နေရာဌာနကြီးလည်းဖြစ်သည်။
အလောင်တော်မြတ်၏ ပါရမီဖြည့်ကျင့်ဝတ်သည် ဝေဿန္တရာမင်းဘ၀မှာ ပြီးပြည့်စုံခဲ့သည်။ ထို့အပြင် တုသိတာနတ်ပြည်၌ နတ်တို့၏ သက်တမ်း အနှစ်လေး
သောင်း နေပြီးသော် စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာများ၏ တောင်းပန်မှုကြောင့် ဘုရားလောင်းတို့၏ ဓမ္မတာဖြစ်သော ကာလ၊ ဒီပ၊ ဒေသ၊ ကုလ၊ မာတု၊ အာယု၊ ပရိစ္ဆေဒ၊ ဟုဆိုအပ်သော ကြည့်ခြင်းကြီးငါးပါးတို့ကို နတ်ပြည်မှ  ကြည့်ရှုရွေးချယ် ထားသောအခါ ဤဗုဒ္ဓဂယာနေရာသည် ဘုရားလောင်သေတကေတု
နတ်သားနှင့်တကွ စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့၏အမြတ်ဆုံးနေရာဟု
ရွေးချယ်ခံရသောဌာနလည်း ဖြစ်ပါသည်။
အလောင်းတော်မြတ်သည် မဟာသက္ကရာဇ် ၆၇ - ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့၌
မယ်တော်မာယာ၏ ရွှေကြာတိုက်၌ သန္ဓေယူ၍ ၆၈-ခု ကဆုန်လပြည့် သောကြာနေ့၌
မွေးဖွားသန့်စင်တော်မူခဲ့သည်။ နတ်တို့ဖန်ဆင်းအပ်သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီးလေးပါးကို မြင်ပြီး သံဝေဂရလျက် မဟာသက္ကရာဇ် ၉၇- ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့၌ တောထွက်ခဲ့သည်။ အနော်မာသောင်၌ ဆံတော်ပယ်ပြီးလျှင် ဃဋိကာရဗြဟ္မာမင်းကြီး ဆက်ကပ်လှူဒါန်းအပ်သော သင်္ကန်းကို ဆင်မြန်းလျက် မအို၊ မနာ၊ မသေရာ၊ ဖြစ်သော တရားတော်များကို ရှာမှီးလာခဲ့သည်။ ထိုအခါ ဘုရားအလောင်တော် သိဒ္ဓတ္ထမင်းသားသည် ကုသိနာရုံ အနုပိယသရက် ဥယျာဉ်တော်၌ တစ်ပတ်မျှနေတော်မူပြီးနောက် ဘုရားဖြစ်ကြောင်းအကျင့်မြတ်တရားကို ရှာဖွေဖို့ရန် တစ်တောဝင်တစ်တောထွက်ဖြင့် ခရီးဆက်ထွက်ခွါလာရာ မာဂဓတိုင်း၊ ရာဇဂြိုလ်မြို့ရောက်သောအခါ မြို့တွင်းသို့ ဆွမ်းခံဝင်လေသည်။
ထိုအခါ အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် ပဏ္ဍ၀တောင်ခြေရင်း၌ ဆွမ်းဘုန်းပေးနေသည်။ ဗိမ္ဗိသာရမင်းကြီးသည် ကိုယ်တိုင်လာ၍ အလောင်တော်ရဟန်း
နှင့် စကားပြောသည်။ မာဂဓထီးနန်းကို တစ်ဝက်ခွဲပေး လှူဒါန်းသည်။ သို့သော် အလောင်တော်အရှင်မြတ်ကလက်မခံပေ။ ဘုရားဖြစ်လို့၍ မင်းစည်းစိမ်ကိုစွန့်လွှတ်ကာ
တောထွက်လာခြင်းဖြစ်ကြောင်း ဗိမ္ဗိသာရမင်းကြီးအား ပြန်ပြောပြသည်။ ထိုစဉ် ဗိမ္ဗိသာရမင်းကြီးက အကယ်၍ ဘုရားဖြစ်တော်မူပါလျှင် ပထမဦးဆုံး ရာဇဂြိုလ်မြို့သို့ ကြွရောက်ပါရန် လျှောက်ထားသည်။ အလောင်းတော် ရဟန်းကလည်း ဗိမ္ဗိသာရမင်းကြီး လျှောက်ထားချက်ကို လက်ခံတော်မူလေသည်။
အလောင်တော်အရှင်မြတ်သည် အကျင့်မြတ် ကျင့်ကြံမှုနှင့် ပတ်သက်၍ နည်းခံရန်အတွက် ဆရာရှာရင်း အာဠာရရသေ့နှင့် ဥဒက ရသေ့တို့ထံ ရောက်သွားသည်။ အလောင်တော်အရှင်မြတ်သည် အာဠာရရသေ့ထံမှ လောကီသမာပတ်ခုနစ်ပါး အားထုတ်နည်းကို နည်းခံကာ ကိုယ်တိုင်ထိုနည်းအတိုင်း အားထုတ်သောအခါ လောကီသမာပတ်ခုနစ်ပါးကိုရသည်။ သို့သော် ထိုလောကီးသမာပတ်ခုနစ်ပါးအားထုတ်နည်းသည် သံသရာမှ လွတ်မြောက်ကြောင်း တရားမဟုတ်သည်ကို သိတော်မူ၍ အာဠာရရသေ့ထံမှ ဖဲခွာတော်မူခဲ့သည်။ တစ်ဖန်ဆက်၍ ဥဒကရသေ့ထံ နည်းခံပြန်သည်။ ဥဒကရသေ့ထံမှလည်း လောကီသမာပတ်ရှစ်ပါး အားထုတ်နည်းများကို နည်းခံသည်။ ကိုယ်တိုင်အားထုတ်သောအခါ၌လည်း လောကီးသမာပတ်ရှစ်ပါးလုံးကိုပင်ရလေသည်။
သို့ရာတွင် အလောင်းတော်မြတ်သည် လောကီးသမာပတ်ရှစ်ပါးတို့သည်လည်း သံသရာဝဋ်ဒုက္ခမှ လွတ်ကြောင်းမဟုတ်ရုံမျှမက အလောင်းတော်မြတ်၏ လိုအပ်သောပန်းတိုင်ကိုလည်း သူတို့တရားများကဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် အလောင်းတော်မြတ်ရဟန်းသည်တရားရှာရင်း ဥရုဝေလတောသေနာနိဂုံအနီးသို့ ရောက်ရှိလာခဲ့သည်။
ဘုရားအလောင်တော်အရှင်မြတ်သည် ဥရုဝေလတောသို့ ကြွရောက်တော်မူလာချိန်တွင်
နေရဉ္ဇရာမြစ်ကမ်းအနီး၌ ဥရုဝေလကဿပ ဦးဆောင်သည့် ရသေ့ညီနောင်ရှင်တစ်ထောင်တို့သည် ယောဂအကျင့်ကိုကျင့်၍ နေထိုင်လျက်ရှိကြသည်။ သူတို့၏ ယောဂကျင့်စဉ်မှာ ရေငှပ်၊ မီးလှုံ၊ တုံးခုန်၊ ဇယ်ခတ်၊ အကျင့်ပင်ဖြစ်သည်။ ဤအကျင့်သည် ထိုခေတ်အခါက လူအများ၏ အံသြလေးစား အထင်ကြီးခံရသော အကျင့်လည်းဖြစ်သည်။ ထိုရသေ့တို့သည် သူတို့၏စိတ်၌ ကိလေသာစိတ်များ မဖြစ်ပေါ်အောင် အလွန်အေးချမ်းသော ဆောင်းရာသီး၌ ရေထဲသို့ဆင်း၍ ရေငုပ်သည်။ ပူအိုက်သော နွေရာသီ၌ မီးလှုံသည်။ အားလပ်သည့်အချိန်၌ တုံးခုန်နေသည်။ ဇယ်ခတ်နေသည်။ စိတ်၌ကိလောသာစိတ်များ ဖြစ်ခွင့်မရအောင် ကျင့်ခြင်းပင်ဖြစ်သည်။
ထိုအခါ ဘုရားအလောင်တော်သည် ဥရုဝေလတောသို့ရောက်၍ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို
တွေ့ဆုံကာ သဗ္ဗညုတဉာဏ်ရဖို့ရန် ရည်သန်လျက် ခြောက်နှစ်တိုင်တိုင် ကြိုးစားခဲ့
သည်။ ဒုက္ကရစရိယာကျင့်စဉ်ကို ကျင့်ကာ အစာအာဟာရစားသုံးရန်အတွက် အလိုလို
ကြွေကျနေသည့် သစ်သီးကြီးငယ်တို့ကို တောတောင်အနှံ့လိုက်ရှာ၍ ကောက်ယူစားသုံးခဲ့သည်လည်း ရှိပါသည်။
တစ်ဖန် အစာအာဟာရ စားသုံးရန်အတွက် အလိုလိုကြွေကျနေသည့် သစ်သီးကြီးငယ်တို့ကို တောတောင်အနှံ့ လိုက်ရှာ၍ ကောက်ယူစားသုံးခြင်းမပြုတော့ဘဲ မိမိတရားအားထုပ်နေရာသစ်ပင်နှင့် အနီးအနားတစ်ဝိုက်မှ သဘာဝအလျောက် ကြွေကျနေသည့် သစ်သီးကြီးငယ်တို့ကိုသာ ကောက်ယူစားသုံးခဲ့ကြောင်း ရှိခဲ့ပါသည်။
အာဟာရကို မသုံးဆောင်ဘဲ အတ္တကိလမထအကျင့်၊ ကာမသုခလက္ခိကာအကျင့်တို့ကို
ကျင့်သုံးပြီး နေစဉ်အခါ အနာပါနဈာန်ကို ၀င်စားသည်တွင် ဈာန်မ၀င်စားနိုင်ဘဲ စင်္ကြလျှောက်၍ လဲကျလေသည်။
အလောင်တော်မြတ်သည် နောက်ဆုံး မဇ္ဈိမပဋိပဒါလမ်းသို့ ပြောင်းလဲလိုက်ပြီးလျှင် ငါသည် အာဟာရာကိုမှီဝဲကာ မြို့ရွာသို့ချဉ်းကပ်၍ဆွမ်းခံပြီး ဆွမ်းကိုဘုဉ်းပေးတော့မည်ဆိုကာ ဆွမ်းခံ၍သုံးဆောင်လေသည်။ ထိုစဉ်အခါ ပဉ္စ၀ဂ္ဂီငါးဦး အထင်လွဲမှားသွားကာ မိဂဒါဝုန်တောသို့ ထွက်ခွါသွားလေသည်။ မဟာသက္ကရာဇ် ၁၀၃ -ခု၊ ကဆုန်လဆန်း ၁၄ ရက်နေ့တွင် မြင်မက်လာသော အိပ်မက်ကြီးငါးချက်ကို မိမိကိုယ်တိုင် နိမိတ်ဖက်လျက် သေနာနိဂုံးသို့ ဆင်းလက်လာခဲ့သည်။
မဟာသေနသူကြွယ်၏သမီး သုဇာတာအမျိုးသမီး နို့ဃနာဆွမ်းကို တစ်သိန်းတန်ရွှေခွက်နှင့်တကွ ဆက်ကပ်လှူဒါန်းလေသည်။ ထို့နောက် အလောင်းတော်သည် နေရဉ္ဇရာမြစ်ကမ်းရှိ သုပ္ပတိဋ္ဌိတမည်သော ရေချိုးဆိပ်သို့ ကြွလာ၍ ရေချိုးပေးသည်။ ထိုရေချိုးဆိပ်အနီး သစ်ပင်ရိပ်၌ အလောင်းတော်အရှင်မြတ်သည် သုဇာတာသူဌေးသမီး လှူဒါန်းသော နို့ဃနာဆွမ်းကို
၄၉ လုပ်ဘုဉ်းပေးသည်။
သုဇာတာသူဌေးသမီးလှူဒါန်းသော နို့ဃနာဆွမ်းသည် အမြတ်ဆုံး ဆွမ်းတစ်ထပ်လည်းဖြစ်သည်။ ထို့နောက် ဘုရားအလောင်းတော်သည် နေရဉ္ဇရာမြစ်၌ ဘုရားဧကန်ဖြစ်မည်ဆိုပါက ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသည်းဟူ၍ အဓိဋ္ဌာန်ပြုပြီး ရွှေခွက်ကိုမျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ဆံတက်ပြီး ရေအောက်သို့ နစ်မြုပ်သွားလေသည်။
အလောင်တော်အရှင်မြတ်သည် ညနေချမ်းအချိန်တွင် နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော
လမ်းအတိုင်း ဗောဓိပင်ရင်းသို့ ကြွတော်မူလေရာ လမ်းခရီးတွင် မြက်ရိတ်သမားသောတ္ထိ
ယက မြစ်ရှစ်ဆုပ်ကို လှူဒါန်းလိုက်လေတော့သည်။ ထိုမြတ်ဆုပ်ကို အဓိဋ္ဌာန်ဖြင့် ဗောဓိပင်ခြေရင်း၌ကြဲဖြန့်လိုက်သောအခါ ရတနာဖြင့်ပြီးသော ပလ္လင်ပေါ်ထွက်လာပြီး
ထိုပလ္လင်ထက်၌ ဘုရားမဖြစ်သမျှ ငါမထတော့ဘူးဟူ၍ အဓိဋ္ဌာန်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူခဲ့သည်။ ထို့နောက် မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့၌ မာန်ငါးပါးကို ရရှိတော်မူကာ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့
ရောက်ရှိတော်မူလေသည်။
မဟာဗောဓိမဏ္ဍိုင်ဟုခေါ်သော ဤဗုဒ္ဓဂယာသည် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းဘ၀များကို စတေးလာခဲ့ရသော အလောင်းတော်မြတ်
အတွက် သမ္မသမ္ဗုဒ္ဓဘုရားဖြစ်၍ ဗောဓိဉာဏ်ကို ရရှိလာသော မဟာအောင်မြေဖြစ်ခြင်းကြောင့် မဟာပရိနိဗ္ဗာနသုတ်တော်၌ ဗုဒ္ဓဘာသာဝင်တိုင်းတို့၏
ဘုရားဖူးသွားရောက်သင့်သော နေရာဌာနတစ်ခုအဖြစ်အထူးဖေါ်ပြလိုက်ရပါသည်။
ဗုဒ္ဓဂယာရှိ ဗောဓိပင်မှာ မြတ်ဗုဒ္ဓအလောင်းတော် မွေးဖွားစဉ်က ပေါက်ဖွားခဲ့သော ဖွားဖက်တော် ပရိဘောဂစေတီဖြစ်သည်။ ယခုဗောဓိပင်မှာ စတုတ္ထမျိုးဆက်ဖြစ်၍ အင်္ဂလိပ်ကျောက်စာဝန်  ကာန်ဂဟမ် (Cunningham) က စိုက်ပျိုးထားခြင်းဖြစ်သည်။
မဟာဗောဓိစေတီတော်မှာ ဖိနပ်တော် ၄၈ ပေရှိပြီး ဉာဏ်တော် ၁၇၀ ပေရှိသည်။ ဗုဒ္ဓဘာသာ ဘုရားဖူးများအတွက် ကမ္ဘာ့အသပ္ပာယ်ဆုံး၊ အမြင့်မြတ်ဆုံး စေတီကြီး
ဖြစ်သည်။ ထိုမဟာဗောဓိစေတီတော်၏ ပထမဆုံးအလှူရှင်မှာ သိရီဓမ္မာသောကမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ အေဒီ ၁၀၇၉ ခုနှစ်တစ်ကြိမ်၊ ၁၂၉၈ ခုနှစ်တွင် တစ်ကြိမ် ရခိုင်မှမင်း
လက်ျာက အေဒီ ၁၁၀၇ ခန့်တွင်တစ်ကြိမ် ပြုပြင်မွမ်းမံခဲ့ကြောင်း မှတ်တမ်းရှိသည်။
အေဒီ (၁၃) ရာစု (၁၂၉၀) ခန့်တွင်မူ မွတ်စလင်များ သိမ်းပိုက်ခဲ့၍ အိန္ဒိယ၌ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရသည်။ ဗုဒ္ဓဂယာပရိဝုဏ်တစ်ခုလုံး အဖျက်ဆီးခံရပြီး
တော်ရုံနှင့်မဖျက်နိုင်ခဲ့ကြသော စေတီတော်တစ်ဆူသာ ကျန်ခဲ့သည်။ (၁၆) ရာစုတွင်
ဒေလီရှိ ပသီဘုရင်က ဤဒေသရှိ မဟန်မဟန်လာလ်ဂီးရ်အား မဟာဗောဓိစေတီနှင့်
ဗုဒ္ဓဂယာရွာတို့ကို အပိုင်ပေး၍ အုပ်ချုပ်ခွင့်ပြုလိုက်သည်။
အေဒီ (၁၈၁၁) တွင်မြန်မာပြည်မှ ဘိုးတော်ဘုရားက သတ္တဌာန ရှာဖွေရေးအဖွဲ့ စေလွှတ်ခဲ့သည်။ (၁၈၃၃) ခုနှစ်တွင် မြန်မာနိုင်ငံမှ မင်းကြီးမဟာစည်သူနှင့်အဖွဲ့
ဘုရားဖူးရောက်လာခဲ့ပြီး ရခိုင်ဘုရင် (မင်းလက်ျာ) ၏ ကျောက်စာကို တွေ့ရှိခဲ့ကြသည်။
နှစ်စဉ်ဘုရားဖူးအဖွဲ့များ လာရောက်ခွင့်ရရှိရေးနှင့် မဟာဗောဓီစေတီတော်ပြင်ဆင်ခွင့်
ရရှိရေးအတွက် (၁၈၇၄) ခုနှစ်တွင် မင်းတုန်းမင်းမှ အိန္ဒိယဘုရင်ခံထံသို့ စာချွန်တော်ပို့
ခဲ့သည်။ ရွှေငွေများနှင့်အတူ စိန်မြ၊ ကျောက်နီ၊ ပုလဲ စုစုပေါင်းလုံးရေ ၅၄၁၁ (ထိုစဉ် ရူပီးငွေ ၆-သန်းဖို့မျှ) ကိုလည်း လှူဒါန်းခဲ့ရာ အားလုံးနီးပါးကို မဟန်အဆက်ဆက်က
သုံးဖြုန်းပြီးကြီးပွားနေခဲ့ကြသည်။
(၁၈၇၅ - ခုနှစ်တွင် မြန်မာနိုင်ငံခြားရေးဌာနမှ မဟာဗောဓိစေတီတော် ပြင်ဆင်ခွင့်နှင့် ကျောင်းဆောက်လုပ်ခွင့်တို့ပါဝင်သော အချက် (၈) ချက်ကိုတောင်းဆိုပြီး သိန်းပေါင်းများစွာ အကုန်အကျခံ၍ပြုပြင်ခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးတို့ကြောင့် အပြီးမသတ်နိုင်ခဲပေ။ (၁၈၈၀)ပြည့်နှစ်တွင် အလက်စန္ဒားင်ကင်နင်ဂဟမ်နှင့် ပုံစံပေးအရာရှိ ဂျိုးဆက်ဖ်ဒေရီဒီခ်ျဗက်ဂလာ (Joseph Duriditch Beglar) တို့ကို အိန္ဒိယအစိုးရက ပြင်ဆင်စေကြောင်း စေတီတော်အ၀င်ဝ၌
ကျောက်စာရေးထိုးခဲ့သည်။
ယခု ဖူးတွေ့ရသော မဟာဗောဓိ (တန်ဆောင်း) တော်၏ ပုံတော်သွန်းဟန်မှာ မင်းတုန်း
မင်းကြီးနှင့် ထိုစဉ်က အိန္ဒိယဗြိတိသျှ  ကျောက်စာဝန်တို့၏လက်ရာအတိုင်းပင်ဖြစ်သည်။
၁၈၈၉ ခု၊ ဇူလိုင်လတွင် ဂယာဆိုင်ရာ တရားသူကြီး မစ္စတာမက်ဒေါ့ကို ဗုဒ္ဓဂယာဂေါပကအဖြစ် တာဝန်လွှဲအပ်သည်။ The Light of Aisa ရေးသားသူ
ဆာအက်ဒွင်အာနို (Sir Adwin Arnold) ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာတို့လက်သို့အရောက် လွှဲအပ်သင့်ကြောင်း ပထမဆုံးလှုံ့ဆော်ကြိုးပမ်းခဲ့သည်။
၁၈၉၅ - ခုနှစ်တွင် ဂျပန်မှလှူဒါန်းလိုက်သော ဗုဒ္ဓရုပ်ပွားတော်ကို စေတီတော်အပေါ်ထပ်တွင် ပူဇော်နေရာချထားစဉ် မဟန့်၏ လူများရောက်လာပြီး အကြိမ်းဖက် ဆွဲထုတ်ခဲ့ရသည်။ ဤအတွက် နှစ်ပေါင်းအတန်ကြာ တရားဖြစ်ခဲ့ကြရပြီး
အောက်ရုံးတွင် ဓမ္မပါလနိုင်သော်လည်း ကာလကတ္တား ဟိုက်ကုတ်တွင် မဟန်၏အယူခံ
ချက်က နိုင်သွားသည်။
၁၉၀၆ - ခုနှစ်တွင် ဓမ္မပါလ၏ မလျှော့သော ဇွဲကြောင့် (၁၉၅၃) ခုနှစ် ရောက်မှ
အိန္ဒိလွှတ်တော်တွင် ဥပဒေပြဌာန်းလျက် ဗုဒ္ဓဂယာမဟာဗောဓိစေတီတော်ကို မဟန်
လက်ထဲကသိမ်းယူပြီးလျှင် ဗုဒ္ဓဘာသာဝင် (၄) ဦး၊ ဟိန္ဒူ (၄) ဦး၊ ပါဝင်သည့် ကော်မတီ
လက်ထဲ အပ်နှံလိုက်လေသည်။ မဟာဗောဓိ စေတီတော် ပတ်ဝန်းကျင်တွင် မြတ်ဗုဒ္ဓသီတင်းသုံးရာသတ္တဌာနနေရာများရှိပြီး စေတီတော်အတွင်း ဘူမိဖဿမုဒြာဖြင့်
ထုလုပ်ထားသော ရုပ်ပွားတော်တစ်ဆူ ရှိပါသည်။
ဤတွင်ပြီးပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံသို့ ဘုရားဖူးမလာဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များ  အိန္ဒိယ နိုင်ငံမဟာဗောဓိ
စေတီတော်အကြောင်းမိမိတို့သိသင့်သလောက်သိနိုင်ကြပါစေ။ မဟာဗောဓီစေတီတော် အတွင်းရှိသတ္တဌာနများနှင့် အခြားဘုရားဖြစ်စဉ်နေရာဌာနများကို ဓာတ်ပုံနှင့်တကွ
အားတဲ့နေ့တိုင်း ဆက်လက်ဖေါ်ပြပါမည်။
အရှင်ခေမိန္ဒ (မဂဓတက္ကသိုလ် အိန္ဒိယ)

No comments:

Post a Comment