Thursday, November 17, 2016

min nge

Buddha footprint

ဗုဒ္ဓမြတ်စွယ်တော်

ဗုဒ္ဓမြတ်စွယ်တော်

တရုတ်ပြည် ပီးကင်းမြို့တော်နှင့် ၁၅မိုင်ခန့်အကွာရှိဝက်စတင်းတောင်၏
စွယ်တော်တိုက်တွင် ပူဇော်ထားရှိသည့် ဗုဒ္ဓမြတ်စွယ်တော်သည်ထင်ရှားကျော်
ကြားသည့် ဗုဒ္ဓဓာတ်တော်ဖြစ်သည်။

ယင်းစွယ်တော်ကို တရုတ်ဘုန်းတော်ကြီး ဖာဆီယင်က (အေဒီ ၃၃၇ အေဒီ၄၂၂)က လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်ပြည်သို့
ပင်ဆောင်လာခဲ့သည်ဟု ဆိုသည်။

စွယ်တော် မူလဒါယကာများသည်
ယနေ့ခောတ် ပါကစ္စတန်နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာတိုင်းပြည်ငယ်တစ်ခုဖြစ်သော
ဂန္ဓာရတိုင်း၏ ဘုရင်များဖြစ်သည်။

ဂန္ဓာရတိုင်းမှ တစ်ဆင့် စွယ်တော်မြတ်သည်
ခိုတန်( ယခုတရုတ်နိုင်ငံ စင်ကျန်းဝေဂါဟာပြည်နယ်တွင် ) သို့ ပင်ဆောင်ခဲ့သည်။

ပါးစပ်သမိုင်းများအရ ခိုတန်ပြည် ဟက်ဇ်ရက်ဘဲလ် ရှေးဟောင်းဒေသ
ရှိ ကျောင်းတော်တစ်ခုတွင် စွယ်တော်မြတ် ကိန်းဝပ်ခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသမှ ဗုဒ္ဓဘာသာဝင်များသည် စွယ်တော်မြတ်
ကိန်းဝပ်ရာကျောင်းတော်သို့ ဘုရားဖူးလာရောက်လေ့ရှိကြောင်းလည်းဆိုသည်။

ဘုန်းတော်ကြီး ဖာဆီယန်နှင့် ဆွန်ဆင်တို့သည်လည်း အဆိုပါကျောင်းတော်သို့
စွယ်တော်ကို ဖူးမြော်ရန် ရောက်ရှိခဲ့ကြောင်းသိရသည်။

ဤတွင် စွယ်တော်မြတ်ကို
ဂန္ဓာရတိုင်းမှ ခိုတန်ပြည်သို့ အဘယ်ကြောင့် ပင်ဆောင်ခဲ့ရသနည်း
ဟူသောအချက်ကို ဆန်းစစ်ရန်
လိုပေမည်။
ဖြစ်နိုင်ဖွယ်အကြောင်းတရားနှစ်ရပ်ရှိသည်။ တစ်ရပ်မှာ
ခိုတန်၊တာပန်းနိယာ၊ လိုလင် နှင့် တာရင်မြစ်ဝှမ်းလွင်ပြင်ဒေသမှ
အိုအေစစ်နိုင်ငံများသည် အိန္ဒိယ(ဂန္ဓရ)နှင့်အဆက်ဆံရှိခဲ့ပြီး
ယင်းနိုင်ငံများအလုံးသည်လည်း ထိုအချိန်က
ဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသည်ဆိုသည့်အချက်ဖြစ်သည်။ နောက်အကြောင်းတစ်
ရပ်မှာ ဘုန်းတော်ကြီး ဖာဆီယန်၏ ခရီးသွားမှတ်တမ်းများအရ အိန္ဒိယတွင်
ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါ ကျဆင်းလျက် ရှိပြီး ဟိန္ဒူအယူဝါဒများ
အားကောင်းစ ပြုလာသည်ဆိုသည့်အချက်ဖြစ်သည်။ ထို့ကြောင့်ပင် အိန္ဒိယ
(ဂန္ဓာရ)မှ စွယ်တော်မြတ်သည် ခိုတန်ပြည်သို့ ရောက်၇ှိကိန်းဝပ်ခြင်းဖြစ်သည်ဟု
ဆိုနိုင်ဖွယ်ရှိသည်။

ယင်းနောက်ပိုင်းတွင် ခိုတန်ပြည်၌ ကိန်းဝပ်နေသော ဗုဒ္ဓစွယ်တော်မြတ်ကို
ဘုန်းတော်ကြီး ဖာဆီယန်က နန်းကျင်းမြို့သို့ ပင်ဆောင်ပူဇော်ခဲ့သည်။

ဆွန်မင်းဆက်ခောတ် တရုတ်ပြည် တစ်ပြည်လုံး စုစည်းမိချိန်တွင်
စွယ်တော်မြတ်သည် နန်ကျင်းမှ တစ်ဆင့် ရှန်စီပြည်နယ်
စီအန်းသို့ ပြောင်းရွှေ့ကိန်းဝပ်ခဲ့သည်။

ယင်းနောက် မင်းဆက်ငါးဆက် ကာလအတွင်း ဗုဒ္ဓစွယ်တော်မြတ်သည်
တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကိန်းဝပ်ကာ နောက်ဆုံးတွင် ယန်ကျင်းမြို့
(ယခုပေးကျင်း)သို့ ရောက်ရှိကိန်းဝပ်ခဲ့သည်။ အေဒီ ၁၀၇၁ ခုနှစ်တွင်
ဗုဒ္ဓစွယ်တော်မြတ်ကို ပေကျင်းမြို့ လင်ကွမ်စီးကျောင်တော်အတွင်းရှိ
ကျို့ရှမ်းစေတီ၌ ဌာပနာ၍ ပူဇော်ခံကြရာ ၁၉၀၀ ပြည့်နှစ် ဗုဒ္ဓမြတ်စွယ်တော်ကို
လူသိရှင်ကြားပြန်လည်ဖော်ထုတ်ခဲ့သည်။

ဗုဒ္ဓမြတ်စွယ်တော်ကို
ကျို့ရှမ်းစေတီ၌ နှစ်ပေါင်း ၈၃၀ မျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓစွယ်တော်မြတ် စစ်မစစ်ပြဿနာ

" ဗုဒ္ဓစွယ်တော်မြတ် စစ်မစစ်ပြဿနာ "

သီရိလင်္ကာမှ ဗုဒ္ဓစွယ်တော်သည် အရွယ်ကြီးမားရှည်လျား၍ အရင်းဘက်က ဟိဟိရိရိပြတ်သား ကောင်းလှချေလားဟု သံသယဖြစ်တတ်သည်။ ဤအချက်နှင့် ပတ်သက်သည့် တာဝန်ရှိသူတို့၏ အဖြေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စွယ်တော်သမိုင်း (ဘာသာပြန်)
အောက်ပါဖော်ပြချက်သည် ပြန်လွန်တော်မူသွားသော မနုဂလ္လေသီရိသိဒ္ဓထ္ထနာယက မဟာထေရ်မြတ်ထံမှ သူကြားခဲ့သည့်အတိုင်း “သေနရတ်ရနသိံဟဗန္ဒာရကိရိအဲလ” က စွယ်တော် အကြောင်းကို ကျွန်ုပ်တို့အား ပြောပြသော ရှေးဟာင်းစကားတစ်ရပ် ဖြစ်ပါသည်။

မြတ်စွယ်တော်သည် မာယာဒုနေဘုရင်၏ လက်ဝယ်သို့ရောက်ရှိလာသောအခါ မင်းမြတ်သည် ၎င်းစွယ်တော်ရှင်ကို “ဒေးလ်ဂမုဝ” ကျောင်းတော်၌ စောင့်ရှောက်ထိန်းသိမ်းထားတော်မူလေ၏။ ထိုကျောင်းပိုင် ဘုန်းတော်ကြီးသည် စွယ်တော်မြတ်၌ ကျရောက်မည့် ဘေးဥပါဒ် အန္တရာယ်များကို မြင်ရသဖြင့် စွယ်တော်အတုနှစ်ဆူကို ဆင်စွယ်ဖြင့် ပြုလုပ်စေခဲ့လေ၏။

ထိုအခါ စွယ်တော်တုနှစ်ဆူအနက် တစ်ဆူကို စွယ်တော်စစ် ကိန်းဝပ်တော်မူသည့် နေရာ၌ထား၍၊ အခြားတစ်ဆူကို ၀ိဒိယေဗန္ဒာရနအား ပေးပြီးလျှင်၊ ဘုန်းတော်ကြီးသည် မူလစွယ်တော်စစ်ကို သူ၏ခါးတွင် ကွယ်ဝှက်၍ “ပလာဗုဒ်ဂလ” သို့ စွယ်တော်နှင့်တကွ ကြွတော်မူခဲ့လေ၏။

ဤအချိန်တွင် ထိုမူလစွယ်တော်စစ်နေရာ၌ ထားသေား စွယ်တော်တူနှင့် ၀ိဒိယေဗန္ဒရအား ဖမ်းဆီးသောအခါ ၎င်း၏လက်ထဲ၌ရှိသည့် စွယ်တော်တို့ကို ယူသွားကြသော ပေါ်တူဂီတို့က သီထာဝကမြို့တော်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ကြပါသည်။ ၎င်းစွယ်တော်တုနှစ်ဆူစလုံးကို အိန္ဒိယပြည် ဂိုဝါသို့ပို့၍ ဖျက်ဆီးပစ်ကြလေသည်။

ပထမမြောက် ၀ိမလဓမ္မသူရိယကို ကန္ဒီမင်းအဖြစ် တင်မြှောက်သောအခါ “ဒေလ်းဂမုဝ” ကျောင်းပိုင်ဘုန်းတော်ကြီးသည် မူလစွယ်တော်စစ်ကို ထိုမင်းမြတ်အား အပ်နှင်းတော်မူလေသည်။ ထိုအခါ ၀ိမလ ဓမ္မသူရိယမင်းသည် ကုရုဝိဋကော်ရလယ်နယ်ထဲတွင် မြစ်တစ်မြစ်၏ ကမ်းပါးများ၌ မြုပ်နေသည်ကို တွေ့ခဲ့သော ပတ္တမြားတစ်လုံးကို ဖောက်ထွင်းထားသည့် ကျောက်ကြုတ်အတွင်း၌ မြတ်စွယ်တော်ကို ထည့်သွင်း ဋ္ဌာပနာလေ၏။

နောက်တက်သော သေနာရတ်မင်းသည် ကျောက်ရတနာအဖုံးကြောင့် မြတ်စွယ်တော်ကို ခိုးယူသွားလိမ့်မည် စိုးရိမ်သဖြင့် ထိုကျောက်ရတနာဖုံးအုပ်ထားသည့် စွယ်တော်ကို ရွှေနှင့် ဖုံးကွယ်ထားလေ၏။

နောင်အခါ ရွှေအဖုံးအိမ်ကို ကိတ္တိသီရိရာဇသီဟမင်းလက်ထပ်တွင် နောက်ထပ်လုံခြုံမူအတွက် ဆင်စွယ်ဖြင့် ဖုံးအုပ်ထားပြန်သဖြင့် ယခုအခါ ဖူးတွေ့ရသောအရာသည် ဆင်စွယ်အဖုံးအိမ်သာဖြစ်၍ မူလ စွယ်တော်အစစ်မဟုတ်ပါ....ဟူပေသတည်း။

(တင်နင်၏ သီဟိုဠ်ရာဇ၀င် အုပ်ရေ ၁၊ စာမျက်နှာ ၂၀၁)

The Following is a tradition related to us about the Tooth relic by Senarat Rana sinha Bancara Krialla ,Esq as heard by him from the late Madu galle Sri siddhartha Nayaka Mahathero; When the Tooth Relic came to the hands of king Maya dunne he kept it in the temple of Delgamuva.

The incumbent monk of the temple seeing the dangers that would befall it caused two artifical replicas to be made out ivory. Then keeping one of then in the place where the Tooth Relicproper was, and giving the other one to Vidiya Bandara he concealed the original Tooth Relic in his waist, and went to Palabodla with it. By This time Sitauka was invaded by the Portuguese who Carried away the artificial relic that was kept there and the replica of the Tooth that was in the bands of Vidiya Bandara when he was captured. They were both sent to Goa and caused to be destroyed, When Vimala Dharma Suriya I was crowned King of Kandy the incumbent monk of Delgamauva Vihara handed over the original Tooth Relic to the king. The King then ensbrined the Tooth Relic wittin a case cut out a ruby found embedded in the banks of a river in the Kurnvita Korale Later king senert fearing that the Tooth Relic would be stolen because of the the gem cover encased it (the gem covered Tooth) in gold. Later the golden case was covered over with ivory for further safety during the reign of King Kirti Sry Rajasinha, and what is visible today the ivory case, and not the orginal Tooth.
‘CF. Tennent-History of Ceylon, Vol P,201’
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ဓမ္မမိတ်ဆွေများဖူးမျှော်နိုင်ရန်ᚊᚊ

ဓမ္မမိတ်ဆွေများဖူးမျှော်နိုင်ရန်ᚊᚊ

ပြီးခဲ့တဲ့ 5-လပိုင်းလောက်က သိကျွမ်းဝင်တဲ့ ဒကာလေးတယောက် မိမိအထံရောက်လာခဲ့ပါတယ် ။

သူ့ဟန်းဆက်ထဲက ဓာတ်ပုံပြပြီး ။ ဆရာတော် ဒီပုံတွေဟာ တပည့်တော်ရဲ့သူငယ်ချင်းအိမ်က ရိုက်ခဲ့တာပါ သူကိုးကွယ်ထားတယ်ဘုရား ။
မြတ်စွာဘုရားရဲ့ စွယ်တော်လို့ပြောခဲ့ပါတယ် ။

ပုံတောင် ပုံညာ ဘက်ကနေ စီးဆင်းလာတဲ့ ယမားချောင်းထဲက ရခဲ့တာလို့ပြောပါတယ် ။ သူကအဲဒီဒေသသားပါ ။

အဲဒီယမားချောင်းကလဲ အထက်ပိုင်း တောကြီးတွေထဲမှာ စေတီပျက်တွေ ရှိတယ်လို့လဲ ပြောခဲ့သေးတယ်ဘုရား ။

အဲဒီဘုရားပျက်တွေထဲက ဋ္ဌာပနာတိုက်ကနေကျပြီး မျောပါလာဟန်ရှိတယ်လို့ သူကယူဆနေပါတယ် ။

ပြီးတော့ သူကပြောသေးတယ် တရုပ်ပြည်မှာမှ စွယ်တော်ရှိတာမဟုတ်ဘူး ဒို့မြန်မာပြည်မှာလဲ စွယ်တော်ရှိတယ်ဆိုတာ ကမ္ဘာကသိစေချင်တယ်   တဲ့ ။

အကယ်၍သာ နိုင်ငံတော်က ကိုးကွယ်လိုလို့ရှိလျှင် သူလှူချင်တယ်လို့လဲ ပြောခဲ့တယ်ဘုရား ဆိုပြီး ဓာတ်ပုံများကိုပြလာပါတယ် ။

အဖျော်ရည်ဆိုင်များမှာ အသုံးပြုတတ်တဲ့ ဖန်ခွက်ကိုမှောက်ထားပြီး ၎င်းဖန်ခွက်ပေါ်မှာ စွယ်တော်လို့ပြောတဲ့ပစ္စည်းကို တင်ကာ ဓာတ်ပုံရိုက်ယူလာတာပါ ။

ဒါ သူ့အိမ်က ဘုရားစင်မှာ ကိုးကွယ်ထားတဲ့ စွယ်တော်ပဲဘုရား ၊ ဘုရားစင်ကခဏချပြီး ဓာတ်ပုံရိုက်ယူခဲ့တာပါ စစ်မစစ်တော့ မသိပါဘုရားတဲ့ ။

တောသူတောင်သားတွေဆိုတော့လဲ အဆင်ပြေသလို ကိုးကွယ်ထားရဟန်ရှိပါတယ် ။

ပုံကိုကြည့်လိုက်တော့ တရုပ်ပြည်ကစွယ်တော်ဆိုပြီး အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ စွယ်တော်နဲ့က အတော်ကိုပဲ ပုံစံတူနေတာတွေ့ရပါတယ် ။

တရုပ်ပြည်ကစွယ်တော်ရဲ့ ပမာဏ အဘယ်မျှရှိတယ်မသိရပေမဲ့ ယခုတွေ့ရတဲ့ စွယ်တော်ဆိုတဲ့ပစ္စည်းရဲ့ပမာဏကတော့ မြင်ကြတဲ့အတိုင်းပါပဲ ။

မှောက်ထားတဲ့ဖန်ခွက်ရဲ့ ပမာဏနဲ့သာ နှိုင်းယှဉ်လို့သာကြည့်ကြဖို့ပါ အတော်ကိုပဲကြီးတာတွေ့ရပါတယ် ။

ဘုရားစွယ်တော်ဟုတ်မဟုတ်တော့ မပြောတတ်ပါဘူး ပုတောင်ပုံညာဒေသဆိုတာ ရှေးနှစ်သန်းပေါင်းများစွာက ပရိုင်းမိတ်တွေထွက်ရှိရာဒေသဖြစ်သလို ။

ရဟန္တာလို့ကျော်ကြားကာ ယနေ့ထက်တိုင် ဘုရားဖူးများသွားရောက် ဖူးမျှော်ကြလေ့ရှိတဲ့ အလောင်းတော်ကဿပ မထေရ်ကြီးပရိနိဗ္ဗာန် စံတော်မူရာ တောကြီးမျက်မဲဒေသကြီးပါပဲ ။

ရှေးဟောင်းအမွေအနှစ်ရှုဒေါင့်ကကြည့်လျှင်လဲ နိုင်ငံတော်ကထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ အမွေအနှစ်တခုလို့ဆိုရမှာပါ ။

စွယ်တော်အဖြစ်ယူဆကာ ကိုးကွယ်ကြမယ်ဆိုလျှင်လဲ ယမားချောင်းကြီးထဲက ရခဲ့တာဖြစ်လို့ နဂါးပြည်ရောက်သွားတဲ့ ဗုဒ္ဓမြတ်စွယ်တော် ရိုရိုသေသေကိုးကွယ်မည့်နဂါးတွေ မရှိတော့လို့ လူ့ပြည်ကို လူသားတွေကိုးကွယ်ဖို့ ပြန်ကြွလာတာပဲဖြစ်ပါလိမ့်မယ် ။

ဒီလိုယူဆပြီးလဲ အများသူငါ ကြည်ညိုနိုင်ကြစေဖို့ နိုင်ငံတော်ကပဲ တာဝန်ယူစီစဉ်ပြီး ထိန်းသိမ်းသင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် အလောင်းတော်ကဿပ မထေရ်ကြီးနဲ့ ဆက်စပ်မှုတခုခုများရှိနေမလားလို့လဲ တွေးနေမိပါတယ် ။

အလွန်ခန်းနားကြီးကျယ်တဲ့ သိရိလင်္ကာက ဗုဒ္ဓမြတ်စွယ်တော်ကို သွားရောက်ဖူးမျှော်ခဲ့ရတာကို သတိယနေမိပါသေးတယ် ။

လူတိုင်းကိုအနီးကပ်ဖူးမျှော်ခွင့် မပေးပါဘူး အဝေးကနေ မမြင်မစမ်း မှန်းဆကာ ဖူးကြရတာပါ ။

မိမိတို့ရဟန်းတော်များသော်မှ မတ်တတ်အနေအထားနဲ့ ဦးသုံးကြိမ်ချပြီး နောက်လူကိုနေရာဖယ်ပေးခဲ့ရပါတယ် ။

လူတွေမှာ ဝတ္ထုငွေလှူတဲ့သူမှ အနီးကပ်ဖူးမျှော်ကြရပါတယ် ဒါလဲလူတိုင်းတော့ မဟုတ်တန်ရာပါဘူး ဒါပေမဲ့ဒီအတိုင်းပြောဆိုနေတာကြားခဲ့ရပါတယ် ။

ဘာပဲဖြစ်ဖြစ် အခြားအရာဝတ္ထုပစ္စည်းများနဲ့ ဗုဒ္ဓရုပ်ပွါးတော်ထုဆစ်လို့သော်မှ ကိုးကွယ်နေကြရသေးတာပဲ စွယ်တော်အဖြစ်မြတ်နိုးတန်ဘိုးထားကာ ပြည်သူအများ ပူဇော်ဖူးမျှော်ခွင့်ရအောင် နိုင်ငံတော်မှ ထိန်းသိမ်းကာ စနစ်တကျ အဆောက်အဦးနှင့်တကွ ခန်းနားထယ်ဝါစွာ စီစဉ်ပေးနိုင်မယ်ဆိုလျှင်ဖြင့် ။

ထိုဒကာလေးရဲ့ဆန္ဒဖြစ်တဲ့ မြန်မာပြည်မှာလဲ ဗုဒ္ဓမြတ်စွယ်တော် ရှိတယ်ဆိုတာ ကမ္ဘာက သိစေချင်ပါတယ် ဆိုတဲ့ ။

ဗုဒ္ဓဘာသာဝင်တယောက်ရဲ့ ဖြူစင်မြင့်မြတ်တဲ့ ၊ စေတနာအရင်းခံတဲ့ ၊ သဒ္ဓါတရားတွေရွှန်းစိုနေတဲ့ ၊ လှပတဲ့နှစ်လုံးသားကို ၊ အသိအမှတ်ပြုရာလဲ ရောက်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ။

အမျိုးသားအမွေ ထိန်းသိမ်းနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ။

credit - mine kine sayadaw

ပုဂံဒေသမှာ…. ဘုရားစေတီပုထိုးပေါင်းမြောက်များစွာ ဘာ့ကြောင့်တည်ခဲ့ကြသလဲ…?

ပုဂံဒေသမှာ…. ဘုရားစေတီပုထိုးပေါင်းမြောက်များစွာ ဘာ့ကြောင့်တည်ခဲ့ကြသလဲ…?
^v^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^v^

တေဿဝတေဇေန၊ ထိုဘုရားရှင်ကိုယ်တော်မြတ်တို့၏ ဓာတ်တော် မွေတော်တို့ကို ဌာပနာတဲ့စေတီတော်၊ ဓာတ်တော်တို့၏ တန်ခိုးတေဇော် အာနုဘော်တို့ဖြင့်သာလျှင်၊
အယံ ၀သုန္ဓ ရာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထ၀ီ မြေကြီးသည် အလင်္ကတာသောဘဏာဝတ၊ ကျက်သရေ ရှိလို့တင့်တယ်ပါပေစွတကား။ 

{ စေတီယပူဇာ }

……………….

ဟိုးတစ်ချိန်တုန်းက…

ပုဂံစေတီ ပုထိုးများနဲ့ပတ်သက်ပြီး … သမိုင်းပညာရှင်  ဒေါက်တာသန်းထွန်းက … မေးခွန်းတစ်ခုမေးခဲ့ပါတယ်…

ပုဂံမှာ စေတီပုထိုးပေါင်းမြောက်များစွာကို ဘာ့ကြောင့်တည်ခဲ့ကြသလဲ …. ?
အဲ့ဒီမေးခွန်းနဲ့ ဆက်စပ်တဲ့ အဖြေကိုတော့ …။။။။

သီတဂူဆရာတော်ဘုရားကြီးက စေတိယပူဇာမှာ ဒီလို့မိန့်ခဲ့ပါတယ်…

စေတီ-ဆိုတာ ဘုန်းကြီးတို့ပါဠိစာပေမှာ
စိတိတဗ္ဗံ အပစိတိတဗ္ဗံ ပူဇိတဗ္ဗံ အဋ္ဌာသိ စေတိယံ
ပါဠိဘာသာနဲ့ ဒီလိုအဓိပ္ပာယ်တွေဖွင့်တယ်။
စေတီ-ဆိုတာဟာတဲ့ ရှိခိုးစရာ၊ အရိုအသေပြုစရာ၊
ပူဇော်စရာ ဋ္ဌာနတိုင်းဟာ
စေတီခေါ်လို့ ရတယ်တဲ့။

စေတီထိုက်တဲ့ ပုဂ္ဂိုလ်ဟာ လောကမှာ လေးယောက်ပဲရှိတယ်။" ဒါပဲပြောတာ။
ကတမေ စတ္တာရော တထာဂတော
အရဟံ သမ္ဗာသမ္ဗုဒ္ဓေါ ထူပါရဟော။
ပစ္စေကဗုဒ္ဓေါ ထူပါရဟော၊
တထာဂတဿ သာဝကော ထူပါရဟော၊
ရာဇာ စက္ကဝတ္တီ ထူပါရဟောတိ။
မြတ်စွာဘုရားဟာ စေတီတည်ပြီးတော့ ရှိခိုးထိုက်တယ်။
ပစ္စေကဗုဒ္ဓါ၊
ဘုရား၏တပည့်သာဝက၊

အရိယာကျင့်ဝတ်(၃၂)ပါးကို ကျင့်သော စင်္ကြာမင်း။

အဲ့ဒီလေးယောက်ပဲ စေတီထိုက်တယ် ကျန်တာတွေ ကျန်တာတွေစေတီမထိုက်ဘူးဆိုပြီးတော့ စေတီထိုက်မထိုက်
ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားက ဝေသာလီမှာ ဟောကြားခဲ့ပါတယ်။

ရှေးအတိတ် ကမ္ဘာ့ကမ္ဘာ့တွေမှာ…. ဂေါတမဗုဒ္ဓါ၊ကဲ့သို့ ဘုရားပေါင်းများစွာ…. ဂင်္ဂါမြစ်ထဲက သဲတွေလောက်မက ၊ ဘုရားတွေ မရေမတွက်နိုင်လောက်အောင် ပွင့်ခဲ့ပြီးပြီး၊
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှာပင်လျှင် ဘုရားပေါင်း …. နှစ်ကျိပ်ရှစ်ဆူ ပွင့်တော်မူခဲ့ပြီ။

ဒါကြောင့် ပုဂံမှာ တည်ထားတဲ့ ဘုရားတွေက ရေတွက်လို့ရနေသေးတယ်….
ဒိုမြန်မာတွေတည်ထားတဲ့ ဘုရားစေတီပုထိုးတွေက… နည်းတောင်နည်းနေပါသေးတယ်….

ဒါ့ကြောင့် မြတ်စွာဘုရားတို့ရဲ့ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော် အနန္တတို့ကိုအရိုအသေ အလေးအမြတ်ပြုသောအားဖြင့် ကိုယ်စားကိုးကွယ်ရာအဖြစ် ဘုရားစေတီပေါင်းများစွာ တည်ထားရပါတယ်။

ဘုရားမတည်ဘဲ ကာမဂုဏ် အာရုံဆိုင်ရာတွေသာ တည်ထားပေးခဲ့မယ်ဆိုရင်….
လူနဲ့ သတ္တ၀ါတွေ ဒုက္ခဘုံက ဘယ်တော့များမှ လွတ်ပါ့တော့မလဲ။
ဘုရားမြင်မှ ဘုရားသတိရပြီး သဒ္ဓါစိတ် ဖြစ်ပေါ်ကာ ဒုက္ခက လွတ်မြောက်ကြောင်းလမ်းစကို မြင်ပေလိမ့်မယ်။ ……..

ဒါကြောင့်….
အရုပ်ဆိုးနေတဲ့ ကမ္ဘာကြီးကို အလှပြင်တန်ဆာဆင်ဖို့ဆိုရင် ထုံးလေးသုတ်၊ ဆေးလေးသုတ်၊ ပန်းပင်လေးစိုက်ရုံနဲ့တော့ လှမှာမဟုတ်ဘူး၊ ဘာနဲ့တန်ဆာဆင်ရမလဲဆိုရင် စေတီနဲ့ တန်ဆာဆင်ရမယ်။

အာသောကမင်းကြီးလည်း ထိုနည်းတူစွာ စေတီပေါင်း ၈၄၀၀၀ တည်ပြီး ကမ္ဘာလောကကြီးကို ထိုကဲ့သို့ တန်ဆာဆင်သွားခဲ့ကြောင်း သာသနာ့သမိုင်းတွေမှာ တွေ့ရတယ်။

ဤမဟာပထ၀ီ မြေကြီးသည် အလင်္ကတာသောဘဏာဝတ ….
ဘုရားစေတီပုထိုးများနှင့် တန်ဆာဆင်မှသာလျှင်
ကျက်သရေ ရှိလို့တင့်တယ်ပါပေစွတကား။   ။

# SAVE Bagan
---------------------

Wai Pone La ( Gautam Buddha University )

ဗြဟ္မာများနဲ့ ပတ်သက်သောမှတ်ချက်တချို့

ဗြဟ္မာများနဲ့ ပတ်သက်သောမှတ်ချက်တချို့
--------------------------------------------------

  ဗြဟ္မာများဟာ ရူပဗြဟ္မာဘုံ ၁၆-ဘုံ၊ အရူပဗြဟ္မာဘုံ ၄-ဘုံဆိုပြီး
ဗြဟ္မာဘုံ ၂၀-ရှိပါတယ်။ ကာမ ၁၁-ဘုံနဲ့ပေါင်းရင် ၃၁-ရှိပါတယ်။
ရူပဗြဟ္မာ-၁၆-ဘုံဆိုတာကတော့--
ပထမဈာန်သုံးဘုံ(ဗြဟ္မာ့ပါရိသဇ္ဇာဘုံ၊ ဗြဟ္မာ့ပုရောဟိတာဘုံ၊ မဟာဗြဟ္မာဘုံ)
ဒုတိယဈာန်သုံးဘုံ(ပရိတ္တာဘာဘုံ၊ အပ္ပမာဏာဘုံ၊ အာဘဿရာဘုံ)
တတိယဈာန်သုံးဘုံ(ပရိတ္တသုဘာဘုံ၊ အပမာဏသုဘာဘုံ၊ သုဘကိဏှာဘုံ)
စတုတ္ထဈာန်ခုနစ်ဘုံ(ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ အ၀ိဟာ၊အတပ္ပါ၊
သုဒဿာ၊ သုဒဿီ။ အကနိဋ္ဌာလို့ခေါ်တဲ့ သုဒ္ဓါဝါသငါးဘုံ)တို့ဖြစ်ပါတယ်။
အရူပဗြဟ္မာ ၄-ဘုံကတော့--
အာကာသာနဉ္စာယတန ဘုံ၊ ၀ိညာနဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ၊
နေ၀သညာ နာသညာယတနဘုံတို့ဖြစ်ပါတယ်။

-သုဒ္ဓါဝါသငါးဘုံဟာ အထက်အောက် အဆင့်ဆင့်တည်ရှိတယ်။
တပြင်တည်း တည်နေတာမဟုတ်ပါ။
အသညသတ်ဘုံနဲ့ ဝေဟပ္ဖိုလ်ဘုံတို့ဟာ ကောင်းကင်တပြင်တဲ
တည်ရှိပါတယ်။သို့သော် ဝေဟပ္ဖိုလ်ဗြဟ္မာများကနေရာတသန့်၊
အသညသတ်ဗြဟ္မာများက နေရာတသန့်တော့လို့တော့ မဆိုနိုင်ပါဘူး။
လူ့ပြည်မှာ အိမ်တွေရောနေသလို ရောနှောနေမည်သာဖြစ်ပါတယ်။
အောက်ဘုံများလဲ ဒီအတိုင်းပါပဲ။

--ရိုးရိုးကုသိုလ်ဖြင့် ဗြဟ္မာ့ဘုံ မရောက်နိုင်ပါဘူး။ ဈာန်ရမှသာ ဗြဟ္မာဖြစ်နိုင်တာပါ။
ပထမဈာန်ရရင် ပထမဈာန်ဘုံသာရောက်တယ်။ ဒုတိယဈာန်ရရင် ဒုတိယဈာန်
ဘုံကိုရောက်တယ်။---စသည်----
ပထမဈာန်ကို အဓိပတိလေးပါတပါး အညံ့စာဖြစ်လျက် ပွားများရင်  ဗြဟ္မာ့ပါရိသဇ္ဇာဘုံရောက်တယ်။
ပထမဈာန်ကို အဓိပတိလေးပါး အလယ်အလတ်ဖြစ်လျက် ပွားများရင်  ဗြဟ္မာ့ပုရောဟိတာဘုံရောက်တယ်။
ပထမဈာန်ကို အဓိပတိလေးပါးလုံး ထက်မြက်လျက်ပွားများရင် မဟာဗြဟ္မာဘုံရောက်တယ်။
ကျန်တာလဲ အတူတူ။
ပဉ္စမဈာန်ကို ပွားများရင် ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံရောက်တယ်။
(သင်္ဂဟရှုပါ။)

--အောက်အောက် ဗြဟ္မာများက အထက် အထက်ဗြဟ္မာများကို မမြင်ရပါ။
တမင် ရုပ်ကြမ်း ဖန်ဆင်ပြမှ မြင်ရတာပါ။
အသညသတ်ဗြဟ္မာတို့မှာ ရုပ်ပဲရှိတာမို့ ဥယျာဉ်၊ ဗိမာန်ခံစားမှုမရှိ၊ ဈာန်ပီတိ
ခံစားမှုမရှိပါ။ ဈာန်သမာပတ် ၀င်စားမှုမရှိပါ။
အရူပဗြဟ္မာတို့မှာ ဘုံလို့ဆိုသော်လဲ တကယ်နေရာဘုံသီးခြားမရှိပါ။
ရုပ်မရှိဘဲ နာမ်သာရှိလို့ နာမ်ခနွာအစဉ်တည်ရာ ကောင်းကင်ပြင်သည်သာဘုံ
ဖြစ်ပါတယ်။ နာမ်သာရှိလို့ အထည်ဒြပ်မရှိပါ။
ဗြဟ္မာတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ လက်တချောင်းသည် စကြာဝဠာတထောင်ကို
လင်းစေနိုင်ပါတယ်။ဗြဟ္မာသည် နတ်ပြည်ကိုလာရင် အရင်ဆုံး ရှေ့ပြေးအရောင်
အလင်းကိုမြင်ရတယ်။
ဗြဟ္မာများဟာ အစာမစားဘူး။ ပီိတိနဲ့သာ နေကြတာပါ။ အထီးအမဆိုတာ မရှိပါ။
ယောက်ျားပုံသာရှိပါတယ်။ ကာမဂုဏ်စိတ် လုံးဝမရှိပါ။ တချို့က ဗြဟ္မ၀ိဟာရ
တရားပွားများ၊ ဈာန်သမာပတ်ဝင်စား။ အရိယာဗြဟ္မာများက ဖလသမာပတ်ဝင်စားပြီး
အေးချမ်းစွာနေကြပါတယ်။
့ဗြဟ္မာ့ပြည်ကနေ လူ့ပြည်ကိုရောက်လာသူများဟာ
မိန်းမနဲ့ အတွေ့အထိမခံလိုပါ။ ကာမဂုဏ် တပ်မက်စိတ်မရှိပါ။
နေရာထိုင်ခင်း သန့်သန့်ရှင်းရှင်းနေတယ်။ တခြားလူ ကိုယ့်နေရာမှာ
မထိုင်စေလိုဘူး။
သဟမ္ပတိဗြဟ္မာကြိးက ပထမဈာန်ဗြဟ္မာဘုံသား။ တနည်းအားဖြင့်
သုဒ္ဓါဝါသဘုံသားဖြစ်တယ်။
ဗကဗြဟ္မာကြီးကတော့ ပထမဈာန်ဘုံသားပါ။

--ဗြဟ္မာ့ပါရိသဇ္ဇာဗြဟ္မာများဟာ-အသင်္ချေယျကပ်ရဲ့ သုံးပုံတပုံအသက်ရှည်တယ်။
ဗြဟ္မာ့ပုရောဟိတြာ ဗဟ္မာများဟာ-အသချေ်ယျကပ် တ၀က်အသက်ရှည်တယ်။
မဟာဗြဟ္မာများဟာ-အသင်္ချေယျကပ် တကပ်အသက်ရှည်တယ်။
ပရိတ္တာဘာဗြဟ္မာများက-မဟာကပ် လေးကပ်အသက်ရှည်တယ်။
အပ္ပမာဏာဘာ ဗြဟ္မာများက-မဟာကပ် ရှစ်ကပ်အသက်ရှည်တယ်။
အာဘဿရာ ဗြဟ္မာများက-မဟာကပ် ၁၆-ကပ်အသက်ရှည်တယ်။
ပရိတ္တသုဘာဗြဟ္မာများက-မဟာကပ် ၃၂-ကပ်အသက်ရှည်တယ်။
သုဘကိဏှာဗြဟ္မာများက-မဟာကပ် ၆၄-ကပ်အသက်ရှည်တယ်။
ဝေဟပ္ဖိုလ်နဲ့ အသညသတ်ဗြဟ္မာများက-မဟာကပ် ၅၀၀-အသက်ရှည်တယ်။
အ၀ိဟာဗြဟ္မာများက-မဟာကပ်တထောင်။
အတပ်ပါက-မဟာကပ်နှစ်ထောင်။
သုဒဿာက-မဟာကပ်လေးထောင်။
သုဒဿီက-မဟာကပ်ရှစ်ထောင်။
အကနိဋ္ဌာက-မဟာကပ်တသောင်း ခြောက်ထောင်အသက်ရှည်တယ်။
အာကာသာနဉ္စာယတန ဗြဟ္မာများက-မဟာကပ်နှစ်သောင်း
ဝိညာနဉ္စာယတနက-မဟာကပ်လေးသောင်း။
အာကိဉ္စညာယတနက-မဟာကပ်ခြောက်သောင်း။
နေ၀သညာ နာသညာယတနက-မဟာကပ်ရှစ်သောင်းလေးထောင်
အသက်ရှည်ကြပါတယ်။

--ဗြဟ္မာတို့ သက်တမ်းဟာ ထိုဘုံမှာ အလွန်ဆုံးနေနိုင်တဲ့ သက်တမ်းသာ
ဖြစ်ပါတယ်။ ကမ္ဘာတ၀က် သို့မဟုတ် ကမ္ဘာပျက်ခါနီးမှာ ရောက်သွားရင်
သက်တမ်းစေ့အောင်မနေဘဲ သေရပါတယ်။ ကမ္ဘာမပျက်စေကာမူ ကံ
အ၇ှိန်ကုန်ရင်လဲ သက်တမ်းမစေ့ခင် သေကြရပါတယ်။

---ကမ္ဘာပျက်တဲ့အခါမှာ-
ဒီကမ္ဘာကြီးကို မီးဖြင့် ၇-ကမ္ဘာပျက်တယ်။ ၈-ကမ္ဘာမြောက်မှာ ရေတကြိမ်ဖျက်တယ်။
ဒီလိုမျိုး ၈-ကြိမ် ဖျက်တယ်။ဒါဆို ၈x၈=၆၄-ပေါ့။ အဲဒီ ၆၄-ကြိမ်မြောက်မှာ
ရေမဖျက်တော့ဘဲ လေတကြိမ်ဖြင့် ဖျက်ဆီးလိုက်တာပါ။(ဒီနေရာ ရှုတတ်တတ်တယ်)
မီးဖြင့်ဖျက်တာ( ၇x၈=၅၆-ကြီမ် )ဖျက်တိုင်း စကြာဝဠာ ကုဋေတသိန်းနဲ့တကွ ပထမဈာန်သုံးဘုံ အမြဲပါတယ်။
၈-ကြိမ်မြောက်မှာ ရေနဲ့ဖျက်တိုင်း ဒုတိယဈာန်ဘုံအထိပျက်တယ်။
နောက်ဆုံးအကြိမ် လေကြောင့် တတိယဈာန်သုံးဘုံအထိပျက်တယ်။
ဝေဟပ္ဖိုလ်ဘုံ၊ အသညသတ်ဘုံ၊ သုဒွါဝါသစတဲ့အထက်ထက်
ဘုံများကတော့ မီး၊ ရေ၊လေကြောင့် ဘယ်တော့မှ
ပျက်စီးခြင်းမရှိပါဘူး။ (ဘုံအိုကြီးတွေလို့ဆိုရမှာပေါ့။)
ဒါကြောင့် ကမ္ဘာပျက်တော့မယ်ဆို လောကဗျူဟာ နတ်များက
ဗြဟ္မာပြည်ရောက်အောင် တိုက်တွန်းတယ်ဆိုတာ
ဒီဘုံတွေကိုရောက်အောင်ပြောတာပါ။
အောက်ကိုးဘုံးကတော့ မီးရေလေကြေင့် မလွတ်လို့
အဲဒီ ကိုးဘုံကိုရောက်အောင်တိုက်တွန်းတာမဟုတ်ပါ။
ရောက်လဲရောက်ကြပါတယ်။ အပါယ်ဘုံသားတွေတောင်
အဲဒီအချိန်မှာ ဗြဟ္မာဘုံကိုရောက်ကြရပါတယ်။
ဘယ်သူမဆို ကုသိုလ်အနဲနဲ့ အများ လုပ်ဖူးသူတွေချည်းမို့
အပါယ်ဘုံသားဆိုပေမယ့် ဒီအချိန်ကျရင်
တချိန်ကလုပ်ထားတဲ့(အပရာပရိယဝေဒနိယ)ကုသိုလ်ကံက
အကျိုးပေးးခွင့်ရလို့ပါ။

---ကမ္ဘာပျက်တိုင်း ပထမဈာန်သုံးဘုံပါတဲ့အတွက် မဟာကပ်တကပ်
ကြာအောင် မတည်နိုင်လို့ ယင်း၏သက်တမ်းကို အသင်္ချေယျကပ်ဖြင့်သာ
သတ်မှတ်တယ်။
မီး ၇-ကြိမ်ဖျက်ပြီးနောက် ရေတကြိမ်ဖျက်မှ ဒုတိယဈာန်ဘုံများပါဝင်လို့ ဒုတိယဈာန်ဘုံမှစပြီး မဟာကပ်ဖြင့်ရေတွက်တယ်။

မောင်ကိတ်